၁၀၇ ရက် ခရီးလမ်း
ဘာသာပြန်သူ – ဇာခြည်ညိမ်း
အခန်း ၃ (က)
ဇူလိုင် ၂၁
ရွေးကောက်ပွဲ ကျင်းပရန် ၁၀၇ ရက်အလို
ဒုသမ္မတ အိမ်တော်က ကော်ဖီစားပွဲမှာတော့ ကောက်ရိတ်ပွဲ ပဟေဠိ အပိုင်းအစတွေ ထောင်နဲ့ချီပြီး ပြန့်ကျဲနေတယ်။ ကျမရဲ့ မြေးတူမလေးနှစ်ယောက်က သူတို့မိဘတွေဖြစ်တဲ့ နစ်ခ် နဲ့ မီနာ ရှိတဲ့ အပေါ်ထပ်ကို လှေကားကနေ ဒုံးစိုင်းပြေးတက်သွားကြတယ်။ မီနာက ပါလို အယ်လ်တိုကို ပြန်ဖို့ အဝတ်အစားတွေ သိမ်းနေတယ်။
ကျမ ညီမလေး မာယာက အသက် ၁၇ နှစ် ၊ အထက်တန်းကျောင်းသူ အရွယ်မှာ မီနာလေးကို မွေးခဲ့တာပါ။ ကျမက ဟောဝဒ်တက္ကသိုလ်မှာ တက်နေဆဲ၊ ဂျော့ချ်တောင်း ဥပဒေ တက္ကသိုလ်ကို ဝင်ခွင့်ရထားတဲ့အချိန်ပေါ့။ တူမလေး မွေးလာတော့ ကျမ အိမ်ပြန်လာပြီး ဟေ့စ်တန် တက္ကသိုလ်မှာပဲ ဥပဒေတန်း တက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဒါမှ မာယာ ဘာ့ခ်လေမှာ ကျောင်းသွားတက်နိုင်မှာလေ၊ အဲ့ဒီကနေမှ သူ စတန်းဖို့ဒ် က ဥပဒေဘွဲ့ ရခဲ့တယ်။ မီနာလေးကလဲ စတန်းဖို့ဒ် တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ဟားဗတ်က ဥပဒေဘွဲ့ရခဲ့တယ်။ ခုတော့ ကျမ တူမလေးက စာရေးဆရာ၊ ထုတ်ဝေသူ အဖြစ် နာမည်ရနေပြီ။ ကျမ သမီးလေး ဆိုရင်လဲ မမှားဘူး။
ကလေးနှစ်ယောက် အခန်းထဲ ပြေးဝင်လာတော့ မီနာ က အဝတ်တွေခေါက်ပြီး ခရီးဆောင်အိတ်ထဲ ထည့်နေတယ်။
“မာမီ၊ မာမီ”
အမရာက အသံကုန်အော်တယ်၊ “အန်တီကြီးက အကုန်လုံး အိမ်အောက်ထပ်ကို ဆင်းခဲ့ကြ လို့ခေါ်နေတယ်”
မီနာက လုပ်လက်စ အလုပ်ကို အပြီးသတ်ရင်း “ခဏလေးနော် သမီးလေး၊ လေဆိပ်ဆင်းဖို့ အချိန်နီးနေပြီ..”
“နိုး…”
အမရာက သူ့လက်ကလေးတွေကို ဝှေ့ယမ်းလိုက်ပြီး
“အန်တီကြီးက” …
အမရာက သူ့မျက်နှာထားကို တတ်နိုင်သမျှ အရေးတကြီးပုံဖြစ်အောင် ရှုံ့မဲ့လိုက်ပြီး “အခု ဆင်းလာခဲ့” တဲ့…
မီနာက အဝတ်တွေကို ခုန်ကျော်ပြီး အောက်ထပ် ပြေးဆင်းလာခဲ့တယ်။ ကျမ မတ်ကလေး တိုနီ ဝက်စ် လဲ အပေါ်ထပ်က ဆင်းလာတယ်။
မီနာလေး အသက် ၄ နှစ်လောက်ရောက်တော့ “ကျမ သူငယ်ချင်း တိုနီ ကလေ” ဆိုတဲ့ နာမည်ကို ခဏခဏ ပြောတာ ကြားရတယ်။ ဒါနဲ့ မာယာကို မီနာလေး ခဏခဏ ပြောနေတဲ့ သူ့သူငယ်ချင်း တိုနီ ဆိုတာ ဘယ်သူလဲ လို့ ကျမ မေးမိတယ်။ မာယာက တိုနီဆိုတာ သူနဲ့ ရွယ်တူ မူကြို ကလေးလေး မဟုတ်ဘူး တဲ့။ အမှန်က မာယာ နဲ့တူတူ စတန်းဖို့ဒ်တက္ကသိုလ်က ဥပဒေ ကျောင်းသား၊ Standford Law Review ရဲ့ ဥက္ကဌ လို့ရှင်းပြတယ်။ ဘွဲ့ရပြီး သိပ်မကြခင် မာယာနဲ့ တိုနီတို့ လက်ထပ်လိုက်ကြတယ်။
တိုနီဟာ အင်မတန်တော်တဲ့ ရှေ့နေ ဖြစ်တဲ့အပြင် ကျမ ရဲ့မောင်အရင်းအချာ တစ်ယောက်လို ရင်းနှီးလာကြတာ ခုဆို ၃၆ နှစ်ရှိပြီ။ တိုနီဟာ တရားရေးဌာန မှာ နံပါတ် ၃ အဆင့် ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အပြင် အခု အူဘာ ကုမ္ပဏီရဲ့ တရားရေးအရာရှိချုပ် ဖြစ်ပေမယ့် ဒေါ့ နဲ့ ကျမအတွက်တော့ သူက အသက် ၅၀ အရွယ် ဆယ်ကျော်သက် သားလေးတစ်ယောက်လိုပဲ။ သူ ကျမတို့ဆီ လာလည်တာ ကျမတို့အတွက် ဘယ်လောက် ဝမ်းသာကြတယ် ဆိုတာ ပြောချင်တာပါ။
သူက နိုင်ငံရေးအတွက်အချက် သိပ်ကောင်းသူလဲ ဖြစ်တယ်။ ဆယ်ကျော်သက်ဘဝကတည်းက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ လုပ်ခဲ့တယ်။ လွှတ်တော်အမတ် နောမ် မီနီတာ ၊ မိုက်ကယ် ဒူကကစ် ၊ ပြီးတော့ ဘရက်ခ် အိုဘားမား တို့အတွက် အလုပ် လုပ်ပေးခဲ့တယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က “Red File” ဆိုတာကို သူစလုပ်တယ်။ လက်ရှိသမ္မတ က အသက် ၈၀ အတွင်းရောက်နေတာမို့ မပြောကောင်း မဆိုကောင်း တခုခု ဖြစ်လာရင် အဆင်သင့်ဖြစ်အောင် ကျမ ကြိုတင် ပြင်ဆင်ထားသင့်တယ် လို့ သူက အကြံပေးတယ်။
ခုလို ကသောင်းကနင်း အချိန်မျိုးမှာ အချိန် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ဘာတွေလုပ်သင့်တယ် ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိရင် လူတွေ အခက်အခဲတွေ့ရလိမ့်မယ်။ အဆောတလျင် ဆုံးဖြတ်ချက်တွေ မဖြစ်မနေ ချရလိမ့်မယ် လို့ သူကတွက်ချက်ပြတယ်။ တကယ်လို့ တခုခု ဖြစ်လာရင် ကျမအနေနဲ့ ပထမဆုံး ဖုန်းဆက် စကားပြောသင့်တဲ့ ကမ္ဘာ့ခေါင်းဆောင် ၂၅ ယောက် ၊ နိုင်ငံရေးသမား ၂၅ ယောက် နာမည်တွေ သူက ချပြတယ်။
ထုတ်ပြန်ချက်တွေ ဘယ်အချိန်မှာ ထုတ်ပြန်ရမယ်၊ အာဏာလွှဲပြောင်းရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်တွေက ဘာတွေ စသဖြင့် ပြောပြတယ်။ ကျမကတော့ အဲ့လို အဖြစ်မျိုး မကြုံရချင်ဘူး။ ဒါ့ကြောင့် မင်း သာ အရေးပေါ် အစီအစဥ်တွေ ပြင်ထားစမ်းပါကွာ လို့ သူ့လက်ကို ပဲ ဝကွက်အပ်ထားတယ်။
ဂျိုး ရွေးကောက်ပွဲက နှုတ်ထွက်ဖို့ ဖိအားတွေ မြင့်တက်လာတဲ့အခါ တိုနီက သူပြင်ထားတဲ့ ဖိုင်အနီ ကြီးကို ဆွဲထုတ်ပြီး ဖြည့်စွက်ချက်တွေ ပြင်ဆင်တော့တာပဲ။ ကျမ ရိုးရိုးသားသားပြောရရင် အဲ့ဒီအကြောင်း မပြောချင်ဘူး။ တိုနီက မိသားစုဆုံကြတဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျမအိမ် လာလည်တိုင်း ကျမရဲ့ လူရင်း ဝန်ထမ်း ၄ ယောက်နဲ့ ကျမ မပါပဲ ရေကူးကန်နားက အိမ်လေးမှာ အစည်းအဝေးလုပ်လေ့ရှိတယ်။
အစည်းအဝေးတိုင်းမှာ တိုနီက “ ကဲ …. သမ္မတက မနက်ဖြန် ရွေးကောက်ပွဲက နှုတ်ထွက်တော့မယ် ဆိုပါတော့….” လို့ အစချီလေ့ရှိတယ်။
“မဖြစ်နိုင်ပါဘူး” လို့ ကျမရဲ့ ပြန်ကြားရေး အရာရှိ ဘရိုင်ယန် ဖဲလွန်က ပြန်ပြောလေ့ရှိတယ်။ “ဒီအပတ်တောင် နေတန်ရာဟု နဲ့တွေ့သေးတယ်”
တိုနီကို သွားခေါ်ပေးဖို့ နစ်ခ် ကို ကျမ ပြောလိုက်တုန်းက တိုနီတို့က ချီကာဂိုအခြေစိုက် DNC Convention ဥက္ကဌ မီယွန် မိုး နဲ့ zoom အစည်းအဝေး လုပ်နေကြတယ် ။ မီယွန်မိုးက သိမ်မွေ့တဲ့ အခြေအနေတွေအကြောင်း ရှင်းပြနေရင်း သူ့ဖုန်းကို လှမ်းကြည့်လိုက်ပြီး “ဟေ့… ဟေ့… ခဏနေကြဦး” လို့ ဆိုတယ်။ ဂျိုးရဲ့ လက်ထောက် မဲဆွယ်စည်းရုံးရေး မန်နေဂျာ ကွမ်တင် ဖော့ခ် ဖုန်းဆက်နေလို့တဲ့။ ဘိုင်ဒင် က သူနှုတ်ထွက်တော့မယ် လို့ ခုပဲ ကွမ်တင့်ကိုပြောလိုက်တယ် တဲ့။ ပြောနေတုန်း နစ်ခ် က ရေကူးကန် အိမ် တခါးဝမှာ ရောက်လာပြီး
“တိုနီ .. အန်တီ ခေါ်နေတယ်”… လို့ လာပြောတာပဲ။
တိုနီ ရုံးခန်းထဲ ဝင်လာတော့ ကျမ ဂျိုးနဲ့ စကားပြောနေတုန်းရှိသေးတယ်။ ဖုန်းချအပြီး တိုနီ နဲ့ ကျမ မျက်လုံးချင်း ဆိုင်မိကြတယ်။ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့် ကျမ တို့ ဘာပြောရမှန်း မသိ ဆွံ့နေမိတယ်။ ဖြစ်လာမယ့် အကျိုးဆက်ကြီးက ကြီးလွန်းတယ်။
“ကျနော်တို့ သတိကြီးကြီး ကိုင်တွယ်မှဖြစ်မယ်၊ မဟုတ်ရင် ဂျိုး တသက်လုံး လုပ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားလိမ့်မယ်” လို့ တိုနီ က စပြောတယ်။
ဂျိုး ကတိပေးထားတဲ့အတိုင်း ပြန်ခေါ်မယ့် ဖုန်းကို ကျမတို့ မျှော်နေကြတယ်။ မိနစ်တိုင်း မိနစ်တိုင်းဟာ စိတ်မချမ်းမြေ့စရာတွေချည်းပဲ။ သတင်းတွေ ပေါက်ကြားစ ပြုနေပြီ။ အဲ့ဒီအချိန်မှာ ဖုန်းဝင်လာတယ်။
ဂျိုးက သူနှုတ်ထွက်မယ့် အကြောင်း ကြေညာဖို့ မဆိုင်းတော့ဘူးတဲ့။ “မင်းကို ထောက်ခံတဲ့ ထုတ်ပြန်ချက်ကို မိနစ်ပိုင်းပဲ ခြားပြီး ထုတ်ပြန်မယ်” လို့ အသိပေးတယ်။
“ဂျိုး .. ကျေးဇူးတင်ပါတယ်” လို့ ကျမ ပြန်ပြောလိုက်တယ်။ “ ကျမ အတွက် ရှင် ဂုဏ်ယူစေရပါမယ်။ ကျမ တို့ အတူတကွ လုပ်ဆောင်ခဲ့ကြတဲ့ အရာတွေ ပြီးမြောက်တဲ့အထိ ကျမ ဆက်ပြီး ကြိုးစားသွားမှာပါ” လို့ ဆက်ပြောလိုက်တယ်။
“မင်း အကောင်းဆုံးလုပ်နိုင်မှာပါ ၊ ကလေးမ” လို့ သူက ပြောတယ်။
ကျမနဲ့ သူ ဖုန်းပြောပြီး ၂၂ မိနစ်အတိမှာ ဂျိုး ဘိုင်ဒင် ရွေးကောက်ပွဲ မဝင်တော့ ဘူးဆိုတဲ့ သတင်း မီဒီယာမှာ တောမီးလို ပျံ့နှံ့သွားတယ်။ ၂၇ မိနစ် အကြာမှာတော့ ကျမကို ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်း အဖြစ် ထောက်ခံအဆိုပြုကြောင်း ဂျိုးဘိုင်ဒင်က ကြေညာလိုက်ပါတယ်။
ပူပြင်းလှတဲ့ တနင်္ဂနွေနေ့ နေ့လယ်ခင်းမှာ ကျမ ဝန်ထမ်းတွေဟာ သူတို့ လုပ်လက်စအလုပ်တွေ အကုန်ပစ်ချပြီး ကျမဆီ ပြေးလာကြတယ်။ တချို့က အားကစားဝတ်စုံတွေနဲ့ လေ့ကျင့်ခန်း လုပ်ရင်းတန်းလန်း။ ကျမရဲ့ မိန့်ခွန်းရေးသားသူတစ်ယောက်ဖြစ်တဲ့ စတီဗင်ကယ်လီ ဟာ အိမ်ဖြူတော်မှာ အလုပ်လုပ်ကတည်းက အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်စုံပြည့် နေတတ်သူဖြစ်တဲ့အတိုင်း အနောက်တိုင်းဝတ်စုံပြည့် ၊ နက်ကတိုင်နဲ့ရောက်လာပါတယ်။ “ဒီနေ့တော့ နက်ကတိုင် မတပ်လဲ ရပါတယ်” လို့ ကျမက သူ့ကို စလိုက်တယ်။
ရေကူးကန် ဘေးကအိမ်လေးမှာ စုဝေးနေကြတဲ့ အုပ်စုလဲ သူတို့ လုပ်နေကြ အစည်းအဝေးတွေပစ်ပြီး ကျမ ရုံးခန်းမှာ လာစုကြတယ်။ ကျမတို့ရဲ့ မိသားစု ထမင်းစားပွဲလေးမှာ ချက်ခြင်းပဲ ဖိုင်တွဲတွေ၊ စာရွက်တွေ နဲ့ အပြည့်ဖြစ်သွားတယ်။ ချက်ခြင်းပဲ စစ်ဆင်ရေး ရုံးခန်းအဖြစ် အသွင်ပြောင်းသွားပြီး ပြီးခဲ့တဲ လက ချီကာဂိုမှာ ဆုံခဲ့ကြတဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေ ၊ သမ္မတဟောင်းတွေ၊ ရွေးကောက်ခံ အရာရှိကြီးတွေ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေ ဆီကို ဖုန်းတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်ပြီး ကျမကို ထောက်ခံဖို့ စည်းရုံးရတယ်။
ဒီလို အရေးပေါ် အခြေအနေကို ကိုင်တွယ်နိုင်ဖို့ ကျမမှာ လူအင်အား၊ စိတ်ဓါတ်အင်အား အပြည့်အဝရှိတယ် ဆိုတာ ကျမသိတယ်။ ဂျိုးရဲ့ ထောက်ခံမှု နဲ့ အခြားသော လူကြီးများရဲ့ ထောက်ခံမှုရှိတဲ့အတွက် ဘယ်သူပဲ ကန့်ကွက်ပါစေဦးတော့ ကျမ အနေနဲ့ ခိုင်မာတဲ့ အခြေအနေရှိတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ကွန်ဂရက်မှာ ထောက်ခံမှု ရအောင်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြခဲ့ပြီးပြီ။ ကြားနေ ပုဂ္ဂိုလ်တွေနဲ့ ဘယ်ပါတီနဲ့မှ ချိတ်ထားခြင်းမရှိတဲ့ ကြားနေ မဲဆန္ဒရှင်တွေနဲ့လဲ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်။
ကျမ မှာ မိတ်ဆွေကောင်းတွေလဲ အများကြီးရှိတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာ လုံးလုံး တက္ကသိုလ်တွေ ကို သွားရောက်လည်ပတ်ရင်း လူငယ်အများအပြားရဲ့ ထောက်ခံမှုကို ရခဲ့တယ်။ မကြာသေးခင်က မျိုးဆက်ပွားကျန်းမာရေး အခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံအလှည့် ခရီးသွားခဲ့တုန်းကလဲ ရောက်လေရာ ပြည်နယ်၊ မြို့တော်တွေမှာ ဒေသခံ ရွေးကောက်ခံ ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သေးတယ်။
တွေ့ဆုံပွဲတွေ ပြီးတိုင်း သက်ဆိုင်ရာ ဒေသခံ လူထုခေါင်းဆောင်တွေနဲ့ အချိန်ပေး စကားပြောတာ ၊ ဓါတ်ပုံတွဲရိုက်တာတွေ လုပ်ခဲ့တယ်။ ကျမ နေ့စဥ် လူ ၅၀ ကနေ ၁၀၀ ပုံမှန်တွေ့ဆုံနေခဲ့တဲ့ အပြင် သူတို့နဲ့ နောက်ပိုင်း အဆက်အသွယ် မပြတ်ခဲ့ကြဘူး။ ကိုယ်စားလှယ်ရွေးချယ်ရေး လုပ်ငန်းစဥ်အတွင်းမှာလဲ ဂျိုးရဲ့ အမာခံပုဂ္ဂိုလ်များသာ မက ကျမကို ထောက်ခံတဲ့ သူတွေ၊ ကျမနဲ့ နှစ်ပေါင်းများစွာ သိကျွမ်းရင်းနှီးလာခဲ့တဲ့ လူတော်တွေ အများကြီးကို ထည့်သွင်းထားနိုင်ခဲ့တယ်။ ကျမလောက် မိတ်ဆွေအင်အား ၊ ထောက်ခံသူအင်အား တောင့်တင်းတဲ့ ကိုယ်စားလှယ်အများကြီး ရှိမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါက နန်းလျာဆက်ခံပွဲ မဟုတ်ဘူး၊ ဘိသိက် သွန်းပွဲ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ တည်ဆောက်ကြိုးပမ်းခဲ့ရမှုရဲ့ ရလာဒ်ပဲ။
အပိုင်း ၁ – https://spacetd.com/107-days-1_zarchinyeinn
အပိုင်း ၂ – https://spacetd.com/107-days-2_zarchinyeinn

13 Comments
[…] အပိုင်း ၃ (က) – https://spacetd.com/107-days-3_zarchinyeinn […]
phl789 https://www.nphl789.net
9apisologin https://www.it9apisologin.com
slotphlogin https://www.exslotphlogin.net
phwin25 https://www.phwin25g.net
peso99 https://www.repeso99.net
tg77com https://www.tg77com.org
okbet15 https://www.okbet15.org
2222ph https://www.be2222ph.org
91phcom https://www.91phcom.net
jljl88 https://www.jljl88w.net
[7033]bw29 register|bw29 download|bw29 login|bw29 giris|bw29 casino Experience the ultimate online gaming at bw29, the premier casino platform in the Philippines. Complete your bw29 register and bw29 login/giris today to access exclusive slots and live dealer games. Get the official bw29 download for mobile and enjoy seamless play anytime. Join bw29 casino for big wins and top-tier rewards! visit: bw29
[917]22Win Online Casino Philippines | Login, Register & App Download Experience the best of 22Win Online Casino Philippines. Quick login, easy registration, and mobile app download. Play top slots, live games, and sports betting now! visit: 22Win