၁၀၇ ရက် ခရီးလမ်း
ဘာသာပြန်သူ – ဇာခြည်ညိမ်း
အမေရိကန် သမ္မတလောင်း ကင်မလာဟဲရစ်ရဲ့ 107 Days The Journey စာအုပ်ကို ဘာသာပြန် တင်ဆက်သူ ဆရာမ ဇာခြည်ညိမ်းထံမှ ခွင့်ပြုချက်တောင်းယူပြီး Space Today ကနေ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့များမှာ တင်ဆက်ပါမယ်။
ဒီကနေ့မှာ ဘာသာပြန်သူရဲ့ အဖွင့်စကားနဲ့ အခန်း – ၁ ကို တင်ဆက်ပေးလိုက်ပါတယ်။
ဘာသာပြန်သူရဲ့ အဖွင့်စကား
ကျား ၊ မ တန်းတူညီမျှရေး ၊ အမျိုးသမီးအခွင့်အရေး တွေ ကမ္ဘာမှာ ပြောနေကြတာ နှစ်ပေါင်း များစွာ ရှိပါပြီ။
ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ပြည်သူ့အခွင့် အရေး၊ အမျိုးသမီးအခွင့်အရေး၊ တန်းတူညီမျှရေးကို အသံအကျယ်လောင်ဆုံး ပြောခဲ့တဲ့ အင်အားကြီးနိုင်ငံ တစ်ခုဖြစ်ပါတယ်။ ဒီလောက် သမိုင်းကြောင်းကြီးလှတဲ့ နိုင်ငံကြီးတစ်ခုမှာ ၁၇၇၆ ခုနှစ် လွတ်လပ်ရေး ကြေညာပြီး ပထမဆုံး သမ္မတ ဂျော့ချ်ဝါရှင်တန်က ၁၇၈၉ – ၁၇၉၇ အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။
ယနေ့ တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၄၇ ယောက်မြောက် အမေရိကန် သမ္မတ ဖြစ်ပါတယ်။ ဒီလောက် နှစ်ပေါင်း ၂၀၀ ကျော်ကာလအတွင်း အမျိုးသမီးပေါင်းများစွာ သမ္မတဖြစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ၂၀၁၅ ခုနှစ်မှာ ဟီလာရီကလင်တန်ဟာ ပထမဆုံးသော အင်အားကြီးပါတီက အမည် စာရင်း တင်သွင်းခြင်းခံရတဲ့ အမျိုးသမီးဖြစ်ခဲ့တယ်။ အမျိုးသမီးတွေ အမြင့်ဆုံးနေရာကို မတက်နိုင်အောင် ကာဆီးထားတဲ့ ဖန်မျက်နှာကျက် ဒီတခါတော့ ကွဲပြီလားလို့ အမေရိကန်ပြည်သူတွေ မျှော်လင့်ခဲ့ကြ တာပေါ့။
ဟီလာရီကလင်တန်ဟာ popular vote လို့ခေါ်တဲ့ ပြည်သူပေးတဲ့ မဲအများဆုံးရခဲ့ပေမယ့် electoral college vote လို့ခေါ်တဲ့ သမ္မတရွေးချယ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားပြုအဖွဲ့ကပေးတဲ့ မဲအရေအတွက် မှာ ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ခဲ့တယ်။ ဖန်မျက်နှာကျက်က မကွဲပဲ အက်ကြောင်းထင်ရုံပဲ ထင်တယ်လို့ တော်တော် များများ ပြောကြတယ်။
၂၀၂၁ ခုနှစ်မှာ ကင်မလာဟဲရစ်ဟာ ပထမဆုံး အမျိုးသမီး ဒု-သမ္မတဖြစ်လာတယ်။ ၂၀၂၄ ရွေးကောက် ပွဲမှာ အင်အားကြီးပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဒု-သမ္မတ ကင်မလာ ဟဲရစ်ကို သမ္မတ အရွေးခံဖို့ အမည်စာရင်းတင်သွင်းပြန်တယ်။ ဒီတခါလဲ ဖန်မျက်နှာကျက်ဟာ မကွဲပဲ ဆက်တောင့်ခံ နေခဲ့ပါတယ်။
ဒီလောက်ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ခိုင်မာတယ်လို့ ကြွေးကျော်နေခဲ့တဲ့ အမေရိကန် ပြည်ထောင်စုဟာ အမျိုးသမီးတစ်ယောက်၊ ရွှေ့ပြောင်းအခြေချလာသူများရဲ့ မျိုးဆက်တစ်ယောက်ကို သမ္မတအဖြစ် တင်မြှောက်လောက်အောင် မရင့်ကျက်နိုင်သေးပါဘူး။
ဒါပေမယ့် အမျိုးသမီးတွေကလဲ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဖန်မျက်နှာကျက်ကို ခေါင်းနဲ့တိုက်နေတုန်းပါပဲ။ ခေါင်းမာတဲ့ အမျိုးသမီး စွန့်ဦးလမ်းထွင်သူများထဲက တစ်ယောက်ဖြစ်တဲ့ ကင်မလာဟဲရစ်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ကာလ ရက်ပေါင်း (၁၀၇) ရက်ကို အများသိအောင် ပြန်ဖွင့်ချလိုက်ပါပြီ။
တိုက်ပွဲဆိုတာ နိုင်မယ်သေချာမှ တိုက်ကြတာမဟုတ်ဘူး။ မနိုင်မချင်း တိုက်ကြတာပါ။ ရှေ့မျိုးဆက် မှာ မနိုင်ခဲ့ရင် နောက်မျိုးဆက်က ဆက်တိုက်ကြတာပါပဲ။
ဒါဟာ သမိုင်းပေးတာဝန်ပေါ့။
ဒီစာအုပ်ကို မျိုးဆက်များစွာ လက်ဆင့်ကမ်း ရှေ့ဆက်တိုးနေကြတဲ့ အာဂအမျိုးသမီးများကို ဂုဏ်ပြုချင်လို့ ဘာသာပြန်ပေးလိုက်ပါတယ်။
အခန်း (၁)
ဇွန် ၂၁
“အန်တီ… အန်တီ”
အခန်းတခါးကို လက်သီးဆုပ်သေးသေးလေးတွေနဲ့ ဖွဖွထုရင်း ခေါ်သံတွေကြားရတယ်။ အိပ်ယာထဲ တချက်လှိမ့်လိုက်ရင်း ဖုန်းကိုလက်လှမ်းလိုက်တယ်။ အမရာ က သူ့ကတိအတိုင်းပဲ။ မနက် ၇.၃၀ အတိ။ ကျမရဲ့ မြေးတူမလေးတွေက ကတိပြုထားတဲ့ တနင်္ဂနွေနေ့ ပန်ကိတ်အတွက် စိတ်ရှည်ရှည် စောင့်ပြီး ကျမကို လာနှိုးကြတာ။
ညက မန်ဆာချူးဆက် ပြည်နယ်၊ မြို့နယ်ခန်းမမှာလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲမှာ လူတစ်ထောင် လောက်နဲ့ တွေ့ဆုံပွဲရှိတဲ့အတွက် ညတော်တော်နက်မှ ကျမ အိမ်ပြန်ရောက်တယ်။ ပွဲစီစဥ်သူတွေက သက်တန့်ရောင် စုံတွေနဲ့ ဒုသမ္မတဆိုတဲ့ စာလုံးအကြီးကြီးရေးထားတဲ့ ဆိုင်းဘုတ်တွေနဲ့ ကြိုဆိုကြတယ်။
ပွဲထဲမှာတော့ စိတ်အားတက်ကြွမှုတွေရော ၊ အားမလိုအားမရ ကတောက်ကဆဖြစ်မှုတွေရော ကြုံရတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၃ ပတ်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရဲ့ စကားစစ်ထိုးပွဲက မဲဆွယ်စည်းရုံးပွဲတွေကို တော်တော်ဂယက်ရိုက်ပါတယ်။ ပါတီထောက်ခံသူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြောင်းဖြဖို့ ကျမ တော်တော်ကြိုးစားရတယ်။
အားကစားဘောင်းဘီ ပွပွနဲ့ ဟောဝဒ် တက္ကသိုလ် စာတမ်းပါ ဆွယ်တာပွပွကြီးကို ကောက်စွပ် လိုက်ပြီး ဆံပင်ကို ခေါင်းပေါ် ခပ်မြင့်မြင့်စည်းလိုက်တယ်။ ပန်ကိတ်နဲ့စားဖို့ ဝက်ပေါင်သားခြောက်နဲ့ ဝက်အူချောင်း ကြော်ပေးမယ်လို့ ကတိပေးထားတယ်။ မနက်စာ မပြင်ခင် အားကစားစက်ပေါ်မှာ နာရီဝက် လေ့ကျင့်ခန်းလုပ်ရဦးမယ်။
တနင်္ဂနွေမနက် ရုပ်မြင်သံကြား အစီအစဥ်တွေ မကြည့်ဖြစ်တော့ဘူး။ သမ္မတရဲ့ ကျန်းမာရေးနဲ့ လုပ်ရည်ကိုင်ရည်ကို မပြီးနိုင် မစီးနိုင် ဝေဖန်သုံးသပ်နေကြတာ မကြည့်ဖြစ်တော့ဘူး။ ချက်နည်း ပြုတ်နည်း အစီအစဥ်ကို ပြောင်းလိုက်တယ်။ စားဖိုမှူးက သားရည်စာပြင်ဆင်တာကို လုပ်ပြနေတာကို ၈ နှစ်အရွယ် အမရာ နဲ့ ၆ နှစ်အရွယ် လီလာတို့ စိတ်ဝင်စားသွားကြတယ်။
ကလေးတွေက ဒီအပတ် ကျမရဲ့ ဒုသမ္မတအိမ်တော်မှာ လာလည်နေကြတာပါ။ အိမ်တော်က ဝါရှင်တန် ရေတပ်နည်းပညာဝန်းကြီးထဲမှာ ဘုရင်မ အန်း တို့ခေတ်ကပုံစံ ဆောက်ထားတဲ့ အိမ်ကြီးပါ။ ကလေးတွေက ကျောင်းတွေပြန်ဖွင့်တော့မှာမို့ သူတို့နေတဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ပါလိုအဲလ်တို ကို ဒီနေ့လယ် ပြန်ကြတော့မယ်။
မနက်စာ စားပြီးတာနဲ့ သူတို့ရဲ့ ပေတူးနေတဲ့ လက်ကလေးတွေကို ဆေးကြောပြီး ကော်ဖီစားပွဲနားက ကော်ဇောပေါ် ဝိုင်းထိုင်လိုက်ကြတယ်။ သူတို့အမေ၊ ကျမ တူမနဲ့ သူတို့အဖေ အပေါ်ထပ်မှာ ပြန်ဖို့အထုပ်အပိုးပြင်တာ စောင့်ရင်း ပဟေဠိ ဆက်တမ်း ကစားကြတယ်။
နေ့လယ် ၁ နာရီနဲ့ ၁၁ မိနစ်မှာ ကျမရဲ့ သီးသန့်ဖုန်းက ထမြည်လာလို့ ကျမ ထကိုင်လိုက်တယ်။ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ ခေါ်ဆိုသူ အမည်မပေါ်တဲ့ ဖုန်းတစ်ခု ဝင်လာတာတွေ့တယ်။ ကျမရဲ့ သီးသန့်ဖုန်းကို ဆက်တဲ့သူ တဒါဇင်လောက်ပဲ ရှိတယ်။ အဲ့ဒီအထဲမှာမှ ပိတ်ထားတဲ့ နံပါတ်တစ်ခုတည်း ရှိတယ်။ ကျမ ခြေထောက်ချိတ်ထားတာကို ဖြည်ပြီး ထရပ်လိုက်တယ်။ ရုံးခန်းထောင့်နားကို လျှောက်သွားရင်း …
“ဟိုင်း … ဂျိုး” လို့ ကျမ နှုတ်ဆက်လိုက်တယ်။
“ကျနော် ခင်ဗျားကို ပြောစရာရှိတယ်” လို့ သူဖြေတယ်။ သူက ဒဲလာဝဲ က သူ့ကမ်းခြေအိမ်ကနေ ဆက်နေတာပါ။ ပြီးခဲ့တဲ့ လေးရက်လောက်ကတည်းက သူ ကိုဗစ် ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိတာ နဲ့ အဲ့ဒီမှာ သီးခြား သွားနေ နေတာဖြစ်ပါတယ်။
“ကျနော် ဝင်မပြိုင်တော့ဘူး လို့ ဆုံးဖြတ်လိုက်ပြီ”
“တကယ် သေချာပြီလား”
“သေချာတယ်၊ ခဏနေရင် ကျနော် ကြေညာလိုက်တော့မယ်”
“ဘာလို့ ဒီနေ့ ကြေညာမှာလဲ”
“လူတိုင်း ဒါပဲ ပြောနေကြတာ၊ သိပ် များလွန်းသွားပြီ။ ကွန်ဂရက် အဖွဲ့ဝင် ဒီမိုကရက်တစ် လွှတ်တော် ကိုယ်စားလှယ်တွေ စုပြီး မနက်ဖြန် (တနင်္လာနေ့) စာတစ်စောင် ပို့ကြမယ်လို့လဲ ပြောနေကြတယ်။ အရမ်းများလာပြီ”
တကယ်ကြီးလား။ အချိန် နည်းနည်းလောက် ထပ်ပေးကြပါဦး။ ကျမရဲ့ကမ္ဘာကြီး ပြောင်းလဲသွားတော့မယ်။ ကျမက အားကစားဘောင်းဘီပွကြီးနဲ့ ဘေးနားမှာ ရှိတာကလဲ အရပ် လေးပေအောက် ကလေး နှစ်ယောက်ပဲရှိတယ်။
ကျမ ဖုန်းကို အသံပိတ်လိုက်ပြီး အမရာနဲ့ လီလာ တို့ ရှိတဲ့ ဘက်ကို ပြန်လျှောက်လာခဲ့တယ်။ ကလေးနှစ်ယောက်က မျက်ခုံးလေးတွေမြင့်ပြီး မျက်လုံးလေးတွေက ဝိုင်းဝိုင်းလည်နေကြတယ်။
“သွား … သွား … မေမေနဲ့ ဖေဖေ ကိုသွားခေါ်လိုက်”
ကျမရဲ့ ခင်ပွန်းသည် ဒေါက် က လော့စ်အိန်ဂျယ်လစ် လေဆိပ်မှာ နည်းပညာအခက်အခဲကြောင့် လေယာဥ်တွေ မထွက်နိုင်ဖြစ်တာနဲ့ အိမ်ပြန်မရောက်သေးဘူး။ ကျမရဲ့ ညီမလေး မာယာက နယူးယော့ခ် မှာ။ ဒီသတင်းအပြင်ကို မပြန့်ခင် မိသားစုဝင်တွေကို အရင် အသိပေးမှဖြစ်မယ်။
သမ္မတကြီးက စကားဆက်ပြောနေတယ်။ “ခင်ဗျားကို ဝင်ပြိုင်စေချင်တယ်” သူက ထောက်ခံ ပါမယ်တဲ့။ ဒါပေမယ့် ပြည်သူကို အသိပေးဖို့ တစ်ရက် နှစ်ရက်လောက် စောင့်စေချင်သေးတယ်။
ဒါက လုံးဝအဆင်မပြေနိုင်ဘူး။ ကျမ ဒီအတိုင်းပဲ ပြောလိုက်တယ်။
“ဂျိုး ၊ ကျမကို ဝင်ပြိုင်စေချင်လို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျမတို့ နေနေတာ ၂၄ နာရီ သတင်းရေစီးထဲမှာနော်။ ရှင် အချိန်စောင့်လိုက်တာနဲ့ မီဒီယာတွေက မေးခွန်းတွေ အများကြီး မေးလာ ကြလိမ့်မယ်”
“သူက ဘာလို့ ဒုသမ္မတကို ထောက်ခံကြောင်း မကြေညာတာလဲ။ ဘာဖြစ်လို့လဲလို့ မေးလာ ကြလိမ့်မယ်။ ရှင်ကျမကို ဝင်ပြိုင်စေချင်တယ်ဆိုရင် ကျမကို ခိုင်မာတဲ့ ပုံစံဖြစ်အောင် ပံ့ပိုးပေးဖို့ လိုတယ်” ဆိုပြီး သူ့ကို ထုတ်ပြန်ကြေညာမယ့် အချိန်နဲ့ပတ်သက်ပြီး ပြန်စဥ်းစားပါဦးလို့ တိုက်တွန်းလိုက်တယ်။
“ကျမ တို့အခုလုပ်ရမယ့်အလုပ်က သိပ်အရေးကြီးတဲ့ အလုပ်နော်။ နောက်နှစ်ပေါင်းများစွာ ကြာတဲ့အထိ လူတွေဟာ ဒီအခိုက်အတန့်အကြောင်းကို ပြန်ပြောနေကြမှာ။ အလျင်စလို လုပ်စရာမလိုပါဘူး။ ကျမဘက်က အဆင်သင့် ဖြစ်အောင် ပြင်ဆင်ဖို့အချိန်နည်းနည်းလောက် ယူကြရ အောင်။ ရှင် ဝင်မပြိုင်တော့ကြောင်း ကြေညာတာနဲ့ ကျမကို အဆိုပြုတာ ၊ ထောက်ခံတာ တချိန်တည်း ဖြစ်ဖို့လိုတယ်။ ကြေညာချက်နှစ်ခုကြား အချိန်နည်းနည်းလေး ခြားလိုက်တာနဲ့ ပြီးခဲ့သုံးပတ်လုံးလုံး ကျမတို့ ရင်ဆိုင်ခဲ့ရတဲ့ ကသောင်းကနင်းဖြစ်မှုမျိုး ထပ်ကြုံရလိမ့်မယ်”
ထုတ်ပြန်ကြေညာချက်၊ တီးတိုးဝါဒဖြန့်မှုတွေ၊ မှန်းဆပြောဆိုချက်တွေက အကြီးအကျယ် ထိခိုက် နိုင်ကြောင်း ကျမတို့ ကောင်းကောင်းသိကြပါတယ်။ ကျမဟာ နိုင်ခြေ အမြင့်ဆုံးရှိတဲ့ ပြိုင်ပွဲဝင် ဖြစ်နိုင်တယ်ဆိုတာ ကျမ ကောင်းကောင်းသိပါတယ်။ အရည်အချင်းအပြည့်ရှိသလို ယှဥ်ပြိုင်ဖို့ အဆင်သင့် လဲ ရှိတယ်။ လူအများ အသိအမှတ်ပြုမှု ၊ လေးစားမှုကို ကောင်းကောင်းရနေသူဖြစ်တယ်။ နောက်ခံ ပံ့ပိုးပေးချင်တဲ့ အလှူရှင်တွေလဲ တောင့်တင်းတယ်။ ကျမဟာ သူ့ နာမည်နဲ့လမ်းစဥ်ကို ကောင်းကောင်း ထိန်းသိမ်းပေးမယ့် သူဆိုတာ သူလဲ ကောင်းကောင်းသိပါတယ်။ ခုလို အချိန်မှာ ဘယ်သူမဆို သူ့နာမည်နဲ့ သူတသက်လုံး ကြိုးစားတည်ဆောက်လာတာတွေကို လမ်းဘေးလွှင့်ပစ်လိုက်ဖို့ ဝန်မလေးကြဘူးဆိုတာ သူလဲ သိတယ်။
ဂျိုးရဲ့ အနီးကပ် အကြံပေးနှစ်ယောက်ဖြစ်တဲ့ စတိဗ် ရစ်ခတီ နဲ့ မိုက်ခ်ဒိုနီလွန် တို့လဲ သူနဲ့အတူ ရှိနေကြတယ်တဲ့။ သူက ရစ်ခတီကို ဖုန်းလှမ်း ပေးလိုက်တယ်။
“ကျနော်တို့ ခင်ဗျားကို အမြဲတမ်းထောက်ခံပါတယ်။ ခုလောလောဆယ်တော့ ဝင်မပြိုင်တော့ဘူး ဆိုတာ အရင်ကြေညာပြီး အချိန်နည်းနည်းခြားပြီးမှ ခင်ဗျားကို ထောက်ခံကြောင်း ကြေညာရင် ကောင်းမယ်လို့ ထင်တယ်”
“စတိဗ် ၊ ဒါမျိုးလုပ်လို့မရဘူးဆိုတာ ရှင်ကောင်းကောင်းသိပါတယ်။ ကြေညာချက်နှစ်ခုအကြား နည်းနည်းလေးတောင် အချိန်ခြားလို့မရဘူး”
“ဒါလဲ ဟုတ်တယ်” စတိဗ်က နည်းနည်း ဆိုင်းရင်း ပြန်ဖြေတယ်။ သူက သမ္မတကို ဖုန်းပြန်ပေး လိုက်တယ်။
“ခဏနေ ပြန်ခေါ်မယ်နော်” လို့ ဂျိုးက ပြောတယ်။
ကျမ စောင့်ပါတယ်။ ဒီထက်ပိုပြီး လူတွေကြား ပြောစရာဖြစ်အောင် သူ မလုပ်ဖို့ ကျမ ပြောလိုက်တာတွေ သူနားဝင်ပါစေလို့ မျှော်လင့်ရတာပဲ။ ဒီဆုံးဖြတ်ချက် ချဖို့ သူ ရက်သတ္တပတ်ပေါင်း များစွာ ဖင့်လေးနေခဲ့တယ်။ သူ့အနီးအနားက လူတွေ ထပ်ခါတလဲလဲ သူ့ကို ထောက်ပြခဲ့ကြတာတွေကို သူ လျစ်လျူရှုခဲ့တယ်။
ဒီလောက် ဆူညံပွက်လောရိုက်နေကြပေမယ့် ဂျူလိုင်လ ၁၅ ရက်နေ့အထိ ဂျိူးက ဒီအကြောင်းနဲ့ ပါတ်သက်ပြီး ကျမကို အရိပ်အမြွတ်တောင် မပြောခဲ့ဘူး။ ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ကြိုးစားတဲ့ အဖြစ်အပျက် ဖြစ်ပွားပြီး နှစ်ရက်လောက်အကြာမှာ ကျမတို့ အထူးအစည်းအဝေးခန်းထဲမှာ ဆုံကြတယ်။ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးလို့ ရသမျှ အချက်တွေ တင်ပြတာကို နားထောင်ကြတယ်။ ဂျိုးက အမြဲတမ်း စားပွဲထိပ်ဆုံးမှာထိုင်တယ်။ ကျမက သူ့ညာဘက်မှာထိုင်တယ်။ အစည်းအဝေးပြီးတော့ သမ္မတက တက်ရောက်လာသူတွေကို ကျေးဇူးစကားဆိုပြီး ပြန်ထွက်ဖို့ ထရပ်လိုက်တယ်။
ကျမက လုပ်ထုံးလုပ်နည်းကို သိပ်သတိထားသူပါ။ အိမ်ဖြူတော်ကသူတိုင်းလဲ ဒီလိုပါပဲ။ စည်းကမ်းသိပ်ကြီးကြပါတယ်။ သမ္မတထိုင်ပြီးမှ ထိုင်ကြတယ်။ သမ္မတ ထရပ်ရင် ကျန်တဲ့သူတွေပါ ထရပ်ကြတယ်။ တခြားသူတွေ အစည်းအဝေးခန်းက ထွက်ဖို့ ပြင်ကြတော့ သူက ကျမဘက် လှည့်ပြီး “ ခဏလောက် စကားပြောရအောင်” လို့ ပြောပါတယ်။
ကျမတို့ နှစ်ယောက်တည်း အခန်းထဲမှာ ကျန်ခဲ့တယ်။ ဒီအခန်းထဲက စားပွဲရှည်ကြီးမှာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပေါင်းများစွာ ချခဲ့ကြဖူးတယ်။ နံရံပေါ်က တီဗီတွေ ပိတ်ထားပြီး အခန်းထဲမှာ ဒစ်ဂျစ်တယ် နာရီပေါ်က ဂဏန်းတွေကသာ အနီရောင် နီယွန်မီးရောင်လင်းနေတယ်။
“အကြောင်းကြောင်းကြောင့် ကျနော် ဒီရွေးကောက်ပွဲကနေ နှုတ်ထွက်ဖြစ်မယ်ဆိုရင် ခင်ဗျားကို ကျနော် ထောက်ခံမှာပါ၊ ဒါကလဲ ခင်ဗျား ဝင်ပြိုင်ဖို့ ဆန္ဒရှိမှပါ။ ကျနော် ခင်ဗျားဆန္ဒကို တခါမှ မမေးဖူးဘူး ဆိုတာ ကျနော်ခုမှတွေးမိလာတယ်”
ဒီစကားပြောဖို့ သူသေချာ ပြင်ဆင်လာခဲ့မှန်း သိသာပါတယ်။ လတ်တလောဖြစ်လာတဲ့ အတွေး မဟုတ်ပါဘူး။ ဒီအခိုက်အတန့်မှာ သူတကယ် သေချာတွေးဆပြီး ပြောနေတာလို့ ကျမ သိလိုက်တယ်။
သူ့ကို ရွေးကောက်ပွဲကနှုတ်ထွက်ဖို့ ပြောနေသံတွေ ဆက်လက်ကျယ်လောင်နေဦးမှာပဲလို့ သူပြောပါတယ်။ လူတွေကို သူပြောဖူးတဲ့ စကားတွေကို ထောက်ပြီး သူ့ကို ပြန်ပြောနေကြတယ်။ သူက အကူးအပြောင်း ကြားကာလမှာ ခဏခေါင်းဆောင်မှုပေးမယ့် သူပါ လို့ ပြောခဲ့တာတွေကိုပေါ့။
“ရှင့် နောက်က လိုက်ဖို့အသင့်ပါ ၊ ဂျိုး” လို့ ကျမ ပြန်ပြောလိုက်တယ်။ “ရှင် ဝင်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ရင်တော့ ကျမက အဆင်သင့်ပါပဲ။ ကျမ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ထရမ့်ကို နိုင်မှဖြစ်မယ်”
အဲ့ဒီနောက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထပ်မပြောဖြစ်ကြတော့ဘူး။ ကျမတို့အကြားမှာ ဒီလိုပဲ ၊ ဂျိုးက သူစိတ်ကူးထားတာတွေ ကျမကို ပြောပြီး အကြံညဏ်ယူတာ၊ သုံးသပ်တာ လုပ်လေ့ရှိတာမို့ သူတကယ် ဆုံးဖြတ်လိုက်ပြီလို့ ထုတ်ပြောတဲ့အချိန်ကျမှ သူတကယ် လုပ်တော့မှာပါလား လို့ ကျမ နားလည်လိုက်ပါတယ်။ သူ့ ထုတ်ပြန်ချက်တွေမှာတော့ “ဘုရားသခင်ကသာ ကျနော့ကို ပြိုင်ပွဲက ထွက်အောင် လုပ်နိုင်မယ်” လို့ သူက ကြုံးဝါးထားတာကိုး။ ပြီးတော့သူ ကိုဗစ်ဖြစ်တော့တာပဲ။
ပြီးတော့ နောက်ထပ် တစ်ပတ်လောက် ဘာသံမှ မကြားတော့ပဲ ဖြစ်နေတဲ့အခါ သူ နှုတ်ထွက်မှာ မဟုတ်တော့ပဲ အဆုံးအထိ ယှဥ်ပြိုင်တော့မယ်လို့ ကျမ စိတ်ဒုန်းဒုန်းချလိုက်တော့တယ်။ သူ နောက်ဆုတ် ချင် ဆုတ်လို့ရမယ့် အချိန်ကာလကို ကျော်လွန်သွားပြီလေ။
ခုတော့ သူက ဖုန်းပေါ်မှာ … သူမပြိုင်တော့ဘူး လို့ ပြောနေလေရဲ့ …

17 Comments
[…] အခန်း(၁) – https://spacetd.com/107-days-1_zarchinyeinn […]
[…] အပိုင်း ၁ – https://spacetd.com/107-days-1_zarchinyeinn […]
[…] အပိုင်း ၁ – https://spacetd.com/107-days-1_zarchinyeinn […]
https://www.phtaya10y.com I am thanksful for this post!
77jili https://www.77jilig.net
91phcom https://www.91phcom.net
okebet3 https://www.okebet3u.org
mwplay88fun https://www.mwplay88fun.org
taya333 https://www.taya333.org
jl10 casino https://www.jl10-casino.net
fg777link https://www.befg777link.com
What’s up gamers bj388dev has got some serious heat The graphics are awesome, the gameplay is smooth, and the chances to win are real Check it out, you wont be disappointed bj388dev
VT88slot, eh? Been there, spun that! A decent place to try your luck. Just remember to keep it fun and don’t chase your losses! Check it out here: vt88slot
NW88bet, another betting site! Lots of options out there these days. Do your research, read the terms and conditions, and play responsibly. More here: nw88bet
vipjili https://www.vipjiliji.com
nice888 https://www.gaynice888.net
Pisso789: Top Philippines Online Slot & Casino. Easy Pisso789 Login, Fast Daftar Pisso789, and Download Pisso789 APK for the Best Pisso789 Gacor Experience and Big Wins. Join Pisso789, the top Philippines online casino. Enjoy easy Pisso789 login, fast daftar Pisso789, and download Pisso789 APK for the best Pisso789 gacor slot wins! visit: pisso789